Tuesday, May 5, 2009

သီတဂူဆရာတော် မိုးကုတ်သို့ ကြွချီ

မြို့ကျက်သရေဆောင် ချမ်းသာကြီးမြတ်စွာဘုရား

စစ်ကိုင်းတောင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ၊ အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဍိတ
ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ (Ph.D) (D. Litt)

သည် ၁၃၇၁-ခုနှစ် ကဆုန်လဆန်း (၉)ရက်နေ့မှ (၁၁)ရက်နေ့၊ (၂.၅.၂၀၀၉)မှ (၄.၅.၂၀၀၉)ရက်နေ့ထိ မိုးကုတ်မြို့သို့ ကြွချီကာ ချမ်းသာကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားခဲ့ပါသည်။ မေလ (၂)ရက်နေ့ ညနေ (၆း၃၀) ၌ မိုးကုတ်အရှေ့ပိုင်း ချမ်းသာကြီးမြတ်စွာဘုရား ဓမ္မဗိမာန်တော်ကြီးပေါ်တွင် ဗုဒ္ဓ၏ ချမ်းသာကြောင်း တရားတော်မြတ်များကို ဟောကြားခဲ့သည်။ ဆရာတော်ကြီး၏ တရားပွဲကျင်းပရာ ဓမ္မဗိမာန် အပေါ်ထပ် အောက်ထပ်တွင်သာမက ဘုရားရင်ပြင်တော် အောက်ထပ် မြေကွက်လပ်များအထိ တရားနာသူ ပရိသတ်များပြည့်လျှံကာ အထူးပင် စည်ကားခဲ့ပါသည်။

မေလ (၃)ရက်နေ့ နေ့လည်(၂)နာရီခန့်တွင် တောင်ကချင်ရပ်ရှိ မိုးကုတ် သီတဂူဓမ္မ၀ိဟာရ ကျောင်းတိုက် ၌ တပည့်သာဝက ဒါယိကာများအား ဆုံးမသြ၀ါဒပေးရန် အစီအစဉ် ပြုလုပ်ထားသော်လည်း ထိုကျောင်းတိုက်၌ နွေရာသီ အင်္ဂလိပ်စာသင်တန်း တက်နေကြသော ကျောင်းသားများအား အထူးဂရုဏာ ထားတော်မူသဖြင့် ဦးစားပေးကာ အသိဉာဏ်ဗဟုသုတ ဖွံ့ဖြိုးစေရေး၊ စိတ်ဓာတ်မြှင့်တင်ရေး အတွက် အချိန်ပေးကာ သင်တန်းပြသခဲ့ပါသည်။ ညနေဖက်ပိုင်းနှင့် နောက်တစ်နေ့ နံနက်ပိုင်းတွင် မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်သို့ ကြွချီကာ တရားရေအေးများ တိုက်ကျွေးခဲ့ပါသည်။ မိုးကုတ်မြို့သို့ ဆရာတော် ကြွချီလာခဲ့သည်မှာ ယခုအကြိမ်သည် တတိယအကြိမ်မြောက် ဖြစ်ပါသည်။



မိုးကုတ် သီတဂူ ဓမ္မ၀ိဟာရ ကျောင်းတိုက် သမိုင်းမှတ်တမ်းအကျဉ်း

မိုးကုတ်သီတဂူ ဓမ္မ၀ိဟာရ ကျောင်းတိုက်ကို မိုးကုတ်မြို့ တောင်ကချင်ရပ် ရသေ့တောင်ကုန်းပေါ်တွင် မြန်မာသက္ကရာဇ် ၁၃၆၆-ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပါသည်။ ကျောင်းတိုက် မတည်ထောင်မှီက ထိုတောင်တော်ပေါ်တွင် ရသေ့တစ်ပါး သီတင်းသုံးနေထိုင်ခဲ့ပြီး စေတီ၊ ပုထိုးများကို တည်ထားကိုးကွယ်ခဲ့ပါသည်။ နောက်ပိုင်းတွင် ထိုရသေ့သည် သီတဂူဆရာတော်နှင့် တွေ့ဆုံပြီး ဆရာတော်ထံ မိုးကုတ်သီတဂူကျောင်းတိုက် တည်ထောင်ရန်အတွက် တောင်တော်နှင့် စေတီပုထိုးများအား ရေစက်သွန်းချကာ ပေးအပ်လှူဒါန်းခဲ့ပါသည်။


ယခုလက်ရှိကျောင်းထိုင်မှာ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဆရာတော် အရှင်စန္ဒိမာဘိဝံသ ဖြစ်ပြီး ကျောင်းတိုက်တွင် တရားဓမ္မလုပ်ငန်းများအပြင် လူငယ်မောင်မယ်များအား နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းများနှင့် အင်္ဂလိပ်စာ သင်တန်းများကို ပို့ချပေးလျက် ရှိပါသည်။
TP

Read More...

Friday, April 17, 2009

ဟာသ

လောဘ
မိုးကုတ်ရတနာမြေမှာ ကျောက်လုပ်ငန်းနဲ့ ပတ်သက်ဆက်နွယ်ကြတဲ့ ကုန်သည်တွေ၊ ပွဲစားတွေ၊ တွင်းပေါလန်တွေ၊ ကျောက်တွင်းတူးသမားတွေဟာ ဘိုးဘိုးကြီးနတ်နန်းမှာ ကျောက်လာတောင်းကြတဲ့ ဓလေ့ ရှေးကတည်းက ရှိခဲ့ပါတယ်။ ဒီလိုပါပဲ ကြီးပွားချမ်းသာချင်တဲ့ စိတ်တစ်ခုတည်းနဲ့ မိုးကုတ်ကိုလာပြီး ကျောက်တူးတဲ့ အောက်ပြည်အောက်ရွာက လူငယ်တစ်ဦးဟာလည်း အုန်းပွဲ ငှက်ပျောပွဲနဲ့ ဘိုးဘိုးကြီးဆီမှာ ကျောက်လာတောင်းပါတယ်။

ဒီသူငယ်က မိုးကုတ်ကိုလည်း တစ်ခါမှ မရောက်ဖူးဘူး။ ပတ္တမြားဆိုတာ ဖြူသလား မည်းသလားလည်း မသိ၊ ကျောက်တွင်းကလည်း ခုမှ စလုပ်ဖူးတာဆိုတော့ သူများတွေ ကျောက်တောင်းကြသလို သူကလည်း လိုက်တောင်းတာပါပဲ။ ဘုမသိ ဘမသိနဲ့ ကျောက်ရတဲ့အထဲမှာ သူမပါမှာ စိုးရိမ်တဲ့စိတ်နဲ့ပေါ့။

အဲဒါနဲ့ သူက အုန်းငှက်ပျောပွဲကို လက်ကမပြီး ဘိုးဘိုးကြီးထံ အခုလို ကျောက်တောင်းလိုက်ပါတယ်။ ဘိုးဘိုးကြီးခင်ဗျား... ကျနော်မျိုး လူဆင်းရဲ မောင်ဘယ်သူကို ယခု အုန်းသီးလုံးလောက် ပတ္တမြားများ ချီးမြှင့်ပေးသနားတော်မူပါ လို့ အစချီပြီး စီကာပတ်ကုံး အတော်ကြာအောင် ရွတ်ဆိုလို့ ဆုတောင်းလိုက်ပါသတဲ့။

ဒါနဲ့ ညရောက်တော့ အိပ်ပျော်နေချိန်မှာ ဘိုးဘိုးကြီးက အိပ်မက်လာပေးပါတယ်။ အိပ်မက်ထဲမှာ ဘိုးဘိုးကြီးက သူ့ကို မျက်စိနီကြီးနဲ့ ကြည့်ပြီး စိတ်ဆိုးဆိုးနဲ့ နားပန်တစ်ချက်လောက် ကျင်းလိုက်ပါသတဲ့။ ပြီးတော့ ဘိုးဘိုးကြီးက အခုလို သူ့ကို ပြောလိုက်ပါတယ်။ မင်းမပြောနဲ့ ငါတောင် အဲဒီလောက်ကြီးတဲ့ ပတ္တမြားကို တစ်ခါမှ မမြင်ဖူးသေးဘူး တဲ့...။
....

လက်တွေ့သမား
မိုးကုတ်မှာ ပတ္တမြားနဲ့ နီလာတွေကို မြေကြီးထဲမှာသာမကပဲ ကျောက်တောင်တွေထဲမှာလည်း တူးဖော်ကြပါတယ်။ ကျောက်တောင်တွေထဲမှာရှိတဲ့ ကျောက်တွေဟာ ပင်မသိုက်တွေ ဖြစ်ကြပါတယ်။ အဲဒါကို ခဲတွင်းလို့ ခေါ်ကြပါတယ်။ ကျောက်တောင်အတွင်း ကျောက်ရှိမယ့် ခဲကြောတွေကို ယမ်းနဲ့ခွဲပြီး လှိုဏ်ခေါင်းဖောက်ကာ ရှာဖွေကြရတာပါ။ ခဲတွင်းနဲ့ မြေတွင်းက ကျောက်ရတာခြင်း မတူကြပါဘူး။ ခဲတွင်းက ကျောက်ရှိတဲ့အကြောကို ရောက်ပြီဆိုရင် ကျောက်တွေကို အစုအဝေးလိုက် အများကြီး တွေ့ရတတ်ပါတယ်။

တခါတော့ အညာသားတစ်ယောက်ဟာ မိုးကုတ်ကို ကျောက်တူးဖို့ ရောက်ချလာပါတယ်။ ဒါနဲ့ သူက ကျောက်ရတာခြင်း အတူတူ များများစားစား ရနိုင်တဲ့ ခဲတွင်းကိုပဲ လုပ်မယ်လို့ ရွေးချယ်လိုက်ပါတယ်။ သူက အရာရာကို တိတိကျကျ လုပ်တတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါနဲ့ နေ့စဉ်နေ့တိုင်း ကျောက်တောင်ကြီးကို မှန်မှန် ဖောက်လာတာ သူ့ခမျာ ကျောက်နဲ့တူတာဆိုလို့ တစ်စက်လေးတောင်မှ မတွေ့ရရှာဘူးတဲ့။ ဒီလိုနဲ့ သုံးနှစ်လောက်လည်းကြာလာရော စိတ်ဓာတ်လေးက ကျချင်ချင် ဖြစ်လာသတဲ့။ နောက်ဆုံးတော့ ရွာပြန်ပြီး လယ်လုပ်တာကမှ ဟန်ကျဦးမယ်လို့ တွေးမိပြီး ရွာပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရွာမပြန်ခင် သူနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေကို ပြောသွားပုံကတော့ ခဲထဲမှာ ကျောက်ထွက်တယ်ဆိုတာကို ငါတော့ လုံးဝမယုံဘူးဟေ့ တဲ့။

အမှန်က သူများတွေ လှိုဏ်ခေါင်းဖောက်သလို လိုက်သာဖောက်နေတာ ကျောက်ရှိတဲ့အကြောက ဘယ်ဟာ၊ ကျောက်မရှိတဲ့အကြောက ဘယ်ဟာဆိုတာ သူ့ခမျာ သိမသွားရှာခဲ့ဘူးလေ...။
STA

Read More...

၂၀၀၉ ခု-ပတ္တမြားမြေက သင်္ကြန်ပုံရိပ်များ

...
TP

Read More...

နှစ်သစ်မင်္ဂလာ

မြန်မာသက္ကရာဇ် ၁၃၇၀-ခုနှစ် ကုန်ဆုံးကာ ၁၃၇၁-ခုနှစ်သို့ ချင်းနင်းဝင်ရောက်ခဲ့ပြီ ဖြစ်ပါသည်။

နှစ်သစ်တွင် မိတ်ဆွေအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းလွတ်ပြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ...။

Read More...

Sunday, March 1, 2009

သတ္တမအကြိမ်မြောက် ရှမ်းတောကျောင်း ဘိုးဘွားဆရာ ပူဇော်ကန်တော့ပွဲ

ရှမ်းတော အခြေခံပညာအလယ်တန်းကျောင်း၏ သတ္တမအကြိမ်မြောက် အငြိမ်းစား ဘိုးဘွားဆရာကြီး-ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို (၁.၃.၂၀၀၉)နေ့တွင် မြို့မရပ် မြို့မခန်းမ၌ ကျင်းပခဲ့ပါသည်။ ဦးစွာ ဆရာ-ဆရာမကြီးများမှ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကန်တော့ပွဲအခမ်းအနားကို နေ့လည် (၁၁း၃၀)မှ (၁း၃၀)အထိ ကျင်းပခဲ့သည်။ အခမ်းအနားသို့ အကန်တော့ခံ ဆရာ-ဆရာမကြီး(၂၂)ယောက်အနက် (၁၇)ယောက်သာ တက်ရောက်နိုင်ခဲ့ပြီး လာရောက် ဂါရ၀ပြုကြသော ကျောင်းသားဟောင်းများမှာ (၃၀၀)ကျော်ခန့် ရှိပါသည်။


ပူဇော်ကန်တော့ခံ ဆရာ-ဆရာမကြီးများ


(၁) ဒေါ်သိန်းနွဲ့ ၉၀-နှစ်၊ ရှမ်းတောရပ်

(၂) ဒေါ်ခင်ကြည် ၈၄-နှစ်
အရှေ့ဗိုလ်ကုန်းရပ်။
(၃) ဒေါ်ရီရီဝင်း ၈၂-နှစ် ရှမ်းတောရပ်
(၄) ဦးသန်းညွှန့် ၇၈-နှစ် စည်ပင်သာယာရပ်
(၅) ဦးဝမ်းမောင် ၇၂-နှစ် စဥ့်ကူးမြို့
(၆) ဒေါ်ခင်ထား ၇၂-နှစ် အနောက်ဗိုလ်ကုန်းရပ်
(၇) ဒေါ်ခင်မြင့် ၆၉-နှစ် အောင်ချမ်းသာရပ်
(၈) ဒေါ်စိန်လှ ၆၉-နှစ် အမေရိကန်နိုင်ငံ
(၉) ဒေါ်သင်းသင်းစိုး ၆၉-နှစ် မြို့လယ်ရပ်
(၁၀) ဦးအောင်စိုး ၆၇-နှစ် ရန်ကုန်မြို့
(၁၁) ဒေါ်ခင်စိမ်းဝင်း ၆၇-နှစ်၊ အောင်နန်းရပ်
(၁၂) ဒေါ်ညွှန့်ညွှန့်ဆွေ ၆၅-နှစ် အောင်နန်းရပ်
(၁၃) ဒေါ်ခင်နှင်းရီ ၆၄-နှစ် မန္တလေးမြို့
(၁၄) ဦးပြေသိန်း ၆၃-နှစ် အောင်နန်းရပ်
(၁၅) ဒေါ်ခင်လှမြိုင် ၆၃-နှစ် အောင်နန်းရပ်
(၁၆) ဒေါ်ခင်မာလွင် ၆၃-နှစ် အောင်နန်းရပ်
(၁၇) ဒေါ်ခင်ဝင်း ၆၃-နှစ် ရွှေဘုံသာရပ်
(၁၈) ဒေါ်မြင့်မြင့်ဝင်း ၆၃-နှစ် ရှမ်းတောရပ်
(၁၉) ဒေါ်အုန်းမြင့် ၆၃-နှစ် ဗိုလ်ကုန်းရပ်
(၂၀) ဦးဝင်းမောင် ၆၁-နှစ် ညောင်ဦးမြို့
(၂၂) ဒေါ်ညိုညိုသန့် ၆၀-နှစ် ရှမ်းတောရပ်

ရှမ်းတောကျောင်း သမိုင်းအကျဉ်း
ရှမ်းတောကျောင်းကို မူလက မြို့မရပ်ကွက် ရွှေကျောင်းအနီးတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၄၆-ခုနှစ်တွင် ၄င်းနေရာမှ ရှမ်းတောဇရပ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်က ကျောင်းအုပ်ကြီးမှာ ဒေါ်အောင်ဖြစ်၍ လက်ထောက် ဆရာမများမှာ ဒေါ်သိန်းနွဲ့နှင့် ဒေါ်သန်းတို့ ဖြစ်ကြပြီး ကျောင်းသူကျောင်းသား စုစုပေါင်း (၅၀)ဦး ရှိသည်။ ထိုနှစ်မှာပင် ရှမ်းတောအစိုးရ မူလတန်းကျောင်းအဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ ၁၉၅၇-ခုနှစ်တွင် ရှမ်းတောဇရပ်မှနေပြီး ယခုလက်ရှိ မြို့မရပ် ပတ္တမြားမြေ တင်းနစ်ကွင်းအနီးသို့ ထပ်မံ ပြောင်းရွှေ့ခဲ့ပါသည်။ ထို့နောက် ၁၉၆၈-ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ရှမ်းတော အစိုးရ မူလတန်းကျောင်းကို အလယ်တန်းကျောင်းအဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။
TP

Read More...

Monday, February 16, 2009

မိုးကုတ်သဟာယစာပေဆု ရန်ကုန်မြို့တွင် ချီးမြှင့်

မိုးကုတ် သဟာယစာကြည့်တိုက်တတိယအကြိမ်မြောက် သဟာယစာပေဆု ချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၀၉-ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက် သောကြာနေ့တွင် ဆုချီးမြှင့်ရေးကော်မတီက မိုးကုတ်မြို့မှနေ၍ ရန်ကုန်မြို့သို့ သွားရောက်ပြီး ကျင်းပနိုင်ခဲ့ပါသည်။

အခမ်းအနားကို မြို့တော်ခန်းမနှင့် မဟာဗန္ဓုလပန်းခြံ ထောင့်ရှိ City Star Hotal ၌ နေ့လည် ၁း၀၀ မှ ၃း၀၀ အထိ ကျင်းပခဲ့ရာ ဖိတ်ကြားထားသော မဂ္ဂဇင်း ဂျာနယ်များမှ အယ်ဒီတာများ၊ စာရေးဆရာများ၊ ကဗျာဆရာများနှင့် သတင်းထောက်များ၊ စာပေအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အခမ်းအနားအစီအစဉ်ကို သဟာယစာပေ ဆုချီးမြှင့်ရေးကော်မတီ၏ အကျိုးတော်ဆောင် ဦးဇော်မင်းကျော် (စာရေးဆရာ ပြည်သွေးနိုင်၊ ချယ်ရီမဂ္ဂဇင်းနှင့် ရနံ့သစ်မဂ္ဂဇင်း စီစဉ်သူ) က ဖတ်ကြားပြီးနောက် ဆုချီးမြှင့်ရေးကော်မတီ၏ ကိုယ်စား စာရေးဆရာ ထက်နိုင်(တလုပ်မြို့) က အဖွင့်အမှာစကား ပြောကြားပြီး သဟာယစာပေဆု၏ ရည်ရွယ်ချက်များနှင့် မူဝါဒများကို ရှင်းလင်းတင်ပြပါသည်။

ထို့နောက် သဟာယစာကြည့်တိုက် ဥက္ကဌ ဦးမြင့်ဆွေက သဟာယစာကြည့်တိုက်၏ သမိုင်းကြောင်းကို ဖတ်ကြားပါသည်။ ဆက်လက်ပြီး တတိယအကြိမ်မြောက် သဟာယစာပေဆု ရွေးချယ်ရေးအဖွဲ့၏ သုံးသပ်ချက်ကို ဖတ်ကြားရာတွင် စာရေးဆရာ မောင်လွင်မွန်(ကသာ) (ပန်းအလင်္ကာမဂ္ဂဇင်း အယ်ဒီတာရီနေနိုငအမည်ဖြင့် စာပေဝေဖန်ရေးဆောင်းပါးများလည်း ရေးသားလျှက်ရှိ) က အတွေးအမြင်စာစောင်၏ သမိုင်းကြောင်းနှင့် ဆုရွေးချယ်ရေးအဖွဲ့၏သုံးသပ်ချက် ကိုလည်းကောင်း၊ ဦးထွန်းဝင်းငြိမ်း (Beauty မဂ္ဂဇင်းအယ်ဒီတာ) က စာရေးဆရာမ ဂျူး သူ.. မင်းကိုဘယ်တော့မှ လုံးချင်းဝတ္ထုအပေါ် ဆုရွေးချယ်ရေးအဖွဲ့၏သုံးသပ်ချက် ကိုလည်းကောင်း ဖတ်ကြားပါသည်။ ဆက်လက်၍ တတိယအကြိမ်မြောက် သဟာယစာပေဆုကို ချီးမြှင့်ရာ မဟေသီမဂ္ဂဇင်းအယ်ဒီတာချုပ် ဦးဝင်းသူရက အတွေးအမြင်စာစောင် အယ်ဒီတာအဖွဲ့ကိုယ်စား ဆရာမ သီရိဝံသ ကိုလည်းကောင်း၊ ရွှေအမြုတေမဂ္ဂဇင်းနှင့် အလင်းတန်းဂျာနယ်၏ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက စာရေးဆရာမ ဂျူး အားလည်းကောင်း အသီးသီး ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်

ထို့နောက် ဆုရရှိသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး သဟာယစာကြည့်တိုက် ဥက္ကဌ ဦးမြင့်ဆွေမှ ဆုချီးမြင့်ရေးကော်မတီ၏ကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ထို့ပြင် အလင်းတန်းဂျာနယ်ကလည်း သဟာယစာကြည့်တိုက် ရံပုံငွေအဖြစ် ကျပ် တစ်သိန်းတိတိကို လှူဒါန်းခဲ့ကြောင်း သိရပါသည်။ သဟာယစာပေဆုချီးမြှင့်ရေးအဖွဲ့သည် ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် စာရေးဆရာကြီး လူထုစိန်ဝင်း ၏ နေအိမ်သို့လည်းကောင်း၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် သံလျင်တွင် ရောက်ရှိနေသော စာရေးဆရာကြီး ဒဂုန်တာရာ အားလည်းကောင်း၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကာတွန်းဆရာကြီး ဦးဖေသိန်း၏ နေအိမ်သို့လည်းကောင်း သွားရောက်ကာ ဂါရ၀ပြု ကန်တော့ခဲ့ကြပြီး ငွေကြေးထောက်ပံ့ကူညီခဲ့ကြပါသည်။ စာရေးဆရာနှင့် သတင်းစာဆရာကြီး လူထုစိန်ဝင်း၊ ကာတွန်းဆရာကြီး ဦးဖေသိန်း တို့ကလည်း စာကြည့်တိုက်အတွက် စာအုပ်များ ပြန်လည် ပေးအပ်လှူဒါန်းခဲ့ကြပါသည်။


S.T.A

Read More...

Wednesday, January 28, 2009

၁၉၉၀ ရွေးကောက်ပွဲ၊ မိုးကုတ်မဲဆန္ဒနယ် နှင့် NLD

မြန်မာနိုင်ငံတွင် ၁၉၆၂-ခုမှစ၍ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်ကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဖြင့် တစ်ပါတီအာဏာရှင် အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့ပါသည်။ ထိုသို့ အကောင်အထည်ဖော်ခဲ့ရာ (၂၆)နှစ်အကြာ ၁၉၈၈-ခုနှစ်တွင် ပြည်သူလူထုတစ်ရပ်လုံး၏ ကြီးမားကျယ်ပြန့်သော အုံကြွဆန့်ကျင်မှု ပေါ်ပေါက်ခဲ့ရပြီး သမိုင်းဝင် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးနှင့် ရင်ဆိုင်ခဲ့ရပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စနစ်ကြီးသည်လည်း ချုပ်ငြိမ်းခဲ့ရပြီး ၁၉၈၈-ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူခဲ့ရာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကို ဖွဲ့စည်း၍ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါသည်။ ထိုစဉ်က န၀တ အစိုးရအဖွဲ့မှ တာဝန်ယူပြီးသည်နှင့်တပြိုင်နက် ၄င်းတို့၏ တာဝန်ကြီး (၄)ရပ်ကို ကမ္ဘာသိ ကြေငြာခဲ့ရာတွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပါဝင်ခဲ့ပါသည်။ တစ်ဆက်တည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ၁၉၈၈-ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့တွင် ပြဌာန်းခဲ့ပါသည်။

ထိုသို့ ပြဌာန်းပြီးသည့်နောက် ပထမဦးဆုံးအနေဖြင့် ဦးသုဝေဒီမိုကရေစီပါတီက ဦးစွာ မှတ်ပုံတင်ခဲ့ပြီး၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရတင်ဦး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည် တို့ ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ၁၉၈၈-ခု စက်တင်ဘာလ (၂၈)ရက်နေ့တွင် အမှတ်စဉ် (၂) နေရာ၌ တရားဝင် မှတ်ပုံတင်ခဲ့ပါသည်။ ထိုစဉ်က နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခဲ့ကြသော နိုင်ငံရေးပါတီပေါင်းမှာ (၂၃၆)ပါတီထိ ရှိခဲ့ပါသည်။ တပ်မတော်အစိုးရက ၁၉၉၀-ပြည့်နှစ် မေလ(၂၇)ရက်နေ့တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် မဲရုံပေါင်း (၁၈၁၈၉) ဖွင့်လှစ်ကာ ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ သို့သော်လည်း ၁၉၉၀-ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီ အရေအတွက်မှာ (၉၃)ပါတီသာ ရှိခဲ့ပါသည်။ NLD ပါတီသည်လည်း တစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ်ပေါင်း (၄၈၅) ရှိသည့်အနက် မဲဆန္ဒနယ် (၄၄၇)ခုတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ (၃၉၂)နေရာတွင် အနိုင်ရရှိခဲ့ပါသည်။ ၁၉၉၀-ရွေးကောက်ပွဲရလာဒ်အရ NLD ပါတီသည် တစ်နိုင်ငံလုံးကိုယ်စားပြု မဲရရှိမှု (၅၂.၅%)ဖြင့် ပြိုင်ဖက်မရှိ အနိုင်ရရှိခဲ့ပါသည်။

၁၉၉၀-ရွေးကောက်ပွဲကြီးတွင် မိုးကုတ်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁)နှင့် အမှတ်(၂)တွင်လည်း NLD ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ထိုစဉ်က မိုးကုတ်မဲဆန္ဒနယ်မြေတွင် ၀င်ရောက်အရွေးခံကြသော နိုင်ငံရေးပါတီ (၆)ပါတီ ရှိခဲ့ပါသည်။ ၄င်းတို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ လီဆူအမျိုးသားသွေးစည်းခိုင်မာရေးအဖွဲ့၊ တအာင်း (ပလောင်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည)၊ ဦးသုဝေ၏ ဒီမိုကရေစီပါတီ၊ ဦးအောင်ကြီး၏ ပြည်ထောင်စုအမျိုးသားများဒီမိုကရေစီပါတီ (UNDP) တို့ဖြစ်ကြပါသည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှာ မိုးကုတ်မြို့သို့ စည်းရုံးရေးခရီးစဉ် အနေဖြင့်သာ ရောက်ရှိခဲ့ပြီး ပါတီအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ပါ။ ထို့အတူ ဗကသ အဖွဲ့မှ မိုးသီးဇွန် ဦးစီးသော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သည်လည်း ရုံးခန်းများ လာရောက်ဖွင့်လှစ်ခဲ့ပြီး ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါ။ ထိုစဉ်က မိုးကုတ်မြို့နယ်မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် ၀င်ရောက်ယှဉ်ပြိုင်ပြီး အရွေးခံရသော ပုဂ္ဂိုလ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းကြည် (ခ) ဒေါ်နီနီ ဖြစ်ပါသည်။ မိုးကုတ်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂)တွင် အနိုင်ရရှိခဲ့သူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်လှတင့် ဖြစ်သည်။ ထို့ပြင် ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း မရှိသည့်အတွက် မိုးကုတ်မြို့သို့ အကူအညီတောင်းခံခဲ့ရာ မိုးကုတ်မြို့မှ ဆရာဝန်ကြီး ဒေါက်တာဦးအုံးမောင် (အမျိုးသားစာပေဆုရ စာရေးဆရာ)က ၀င်ရောက်အရွေးခံရာ မိုးမိတ်မြို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပါသည်။

ဒေါ်မေနှင်းကြည် (ခ) ဒေါ်နီနီ (မိုးကုတ်မဲဆန္ဒနယ် အမှတ်-၁ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ဒေါ်မေနှင်းကြည် (ခ) ဒေါ်နီနီကို ၁၉၄၈-ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် မိုးကုတ်မြို့ ထင်းရှူးခြံရပ်ကွက်တွင် မွေးဖွားခဲ့ပါသည်။ မိဘများမှာ ဦးအောင်ညွန့်နှင့် ဒေါ်ဌေးတို့ ဖြစ်ကြပြီး မွေးချင်းမောင်နှမ (၅)ယောက်တွင် အကြီးဆုံးဖြစ်သည်။ ငယ်စဉ်က မိုးကုတ်မြို့တွင် ပညာသင်ကြားခဲ့ပြီး မိုးကုတ်အထက(၁) မှနေ၍ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပါသည်။ ထိုနောက် မန္တလေးတက္ကသိုလ် သို့ တက်ရောက်ခဲ့ပြီး ရုက္ခဗေဒ အထူးပြုဘာသာရပ်ဖြင့် ၁၉၆၈-ခုနှစ်တွင် ဘွဲ့ရရှိခဲ့ပါသည်။ ၁၉၆၉-ခုနှစ်တွင် ဦးမိုးဟိန်းနှင့် လက်ထပ်ခဲ့ပြီး သမီး(၃)ယောက် ထွန်းကားခဲ့ပါသည်။ မိဘရိုးရာ ကျောက်ကုန်သည်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး မိုးကုတ်မြို့ မြို့မရပ်တွင်လည်းကောင်း၊ ရန်ကုန်မြို့ အမှတ်(၈၁) မြကန်သာလမ်း၊ ဆယ်မိုင်၊ အင်းစိန်မြို့နယ်တွင် တလှည့်စီ နေထိုင်ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ စက်တင်ဘာလတွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီးနောက် နိုင်ငံအနှံ့ရှိ မြို့နယ်ပေါင်းစုံတို့ ရန်ကုန်မြို့သို့ လာရောက် ဆက်သွယ်ကြပါသည်။ သို့ရာတွင် မိုးကုတ်မြို့နယ်အနေဖြင့် လာရောက်ဆက်သွယ်ခြင်း မရှိခဲ့သည့်အတွက် ရန်ကုန်မြို့တွင် နေထိုင်ကြသော မိုးကုတ်အသိုင်းအ၀ိုင်းများနှင့် မိုးကုတ်မြို့နယ်အသင်းတို့က NLD ခေါင်းဆောင်ပိုင်းနှင့် တိုင်ပင်ဆွေးနွေးကာ NLD ပါတီမှ မိုးကုတ်သို့ စည်းရုံးရေးတာဝန်ခံအဖြစ် စေလွှတ်ရန်အတွက် ဒေါ်မေနှင်းကြည်အား ရွေးချယ်တာဝန်ပေးခဲ့ကြပါသည်။ ထို့ကြောင့် ဒေါ်မေနှင်းကြည်သည် မိုးကုတ်မြို့နယ်သို့ ပါတီစည်းရုံးရေးကိစ္စဖြင့် ဒေါ်အောင်ဆန်းစုကြည်မှ တိုက်ရိုက်စေလွှတ်ခံရသူတစ်ဦးလည်း ဖြစ်ပါသည်။ ထို့နောက် မိုးကုတ်မြို့နယ်၏ NLD စည်းရုံးရေးလုပ်ငန်းများကို ၁၉၈၈ အောက်တိုဘာလ (၂၀)ရက်နေ့မှ စပြီး မြို့နယ်စည်းရုံးရေးတာဝန်ခံ အနေဖြင့် စတင်ဦးဆောင် လှုပ်ရှားခဲ့ပါသည်။ ၁၉၈၉-ခု မတ်လတွင် မိုးကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ် စည်းရုံးရေးကော်မတီကို ရွေးချယ်တင်မြှောက်ဖွဲ့စည်းခဲ့ကြရာတွင် ကော်မတီဝင်တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရကာ မြို့နယ်စည်းရုံးရေးမှူးနှင့် ဘဏ္ဍာရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။

၁၉၉၀ ပါတီစုံရွေးကောက်ပွဲတွင် မိုးကုတ်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှနေ၍ ၀င်ရောက်အရွေးခံရာ အနိုင်ရရှိခဲ့ပါသည်။ ထိုစဉ်က မဲလာရောက်ပေးသူပေါင်း (၂၅၃၄၈)အနက်မှ ထောက်ခံမဲ (၁၆၄၃၉)ကို ရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၇၂.၂၆)ဖြင့် အနိုင်ရရှိခဲ့သည်။ ၁၉၉၃-ခုနှစ်တွင် ကျင်းပခဲ့သော အမျိုးသားညီလာခံ၌ NLD မှ ကိုယ်စားပြုလွှတ်တော်အမတ်ပေါင်း (၁၀၀)တက်ရောက်ခဲ့ရာတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။ ၁၉၉၅-ခုနှစ်တွင် အမျိုးသားညီလာခံ၏ မူဝါဒနှင့် စည်းကမ်းချက်များကို ပြုပြင်ပေးရန် တောင်းဆိုရာတွင် အစိုးရမှ မလိုက်လျောသဖြင့် NLD ပါတီက သပိတ်မှောက်ထွက်ခွာခဲ့ရာတွင်လည်း ပါဝင်ခဲ့ပါသည်။

ထို့နောက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် ကူညီဆောင်ရွက်ပေးနေပါသည်။ ထို့အပြင် NLD ပါတီမှ ဦးဆောင်ကျင်းပသော အခမ်းအနားတချို့နှင့် အစည်းအဝေးလုပ်ငန်းများကို မိမိနေအိမ်တွင် လက်ခံ၍ ဆောင်ရွက်ပေးလျှက်ရှိပါသည်။ လက်ရှိ NLD ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ တွင်လည်း အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်နေဆဲလည်း ဖြစ်သည်။ ၄င်းအပြင် မိုးကုတ်မြို့နယ် NLD လူငယ်အဖွဲ့နှင့် စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်လျှက်ရှိပြီး လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရေးအတွက် လိုအပ်သည်များကို ကူညီပံ့ပိုးပေးလျှက် ရှိသည်။ မိုးကုတ် NLD လူငယ် စာကြည့်အသင်းတို့လည်း ကွန်ပျူတာနှင့် စာအုပ်စာတမ်းများကို ထောက်ပံ့ကူညီပေးခဲ့ပါသည်။

ဦးဗိုလ်လှတင့် (မိုးကုတ်မဲဆန္ဒနယ် အမှတ်(၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ဦးဗိုလ်လှတင့်ကို ၁၉၅၇- ဒီဇင်ဘာ (၂၃)ရက်နေ့တွင် မိုးကုတ်မြို့နယ် အနောက်ပိုင်း ဂေါင်းဦးဘာရပ်ကွက်တွင် မွေးဖွားခဲ့ပါသည်။ မိဘများမှာ ဦးစံရှိန်နှင့် ဒေါ်အုန်းတို့ ဖြစ်ကြပြီး မွေးချင်း(၈)ယောက်တွင် သတ္တမမြောက်သား ဖြစ်သည်။ ၁၉၆၂-မှ ၁၉၇၃-အထိ မိုးကုတ်ကျပ်ပြင်အထကတွင် န၀မတန်းအထိ ပညာသင်ကြားခဲ့ပြီး ၁၉၇၃-၇၅ တွင် ရန်ကုန် ကမာရွတ် အထက(၂) မှနေ၍ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပါသည်။ ထိုမှ စက်မှုတက္ကသိုလ်(ရန်ကုန်)သို့ တက်ရောက်ခွင့်ရခဲ့ပြီး ၁၉၈၀-၈၁ တွင် B.E Civil ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၈၄-၈၅တွင် ဆည်မြောင်းဦးစီးဌာန၊ ပျဉ်းမနား ငလိုက်ချောင်း စီမံကိန်း၌ လက်ထောက်အင်ဂျင်နီယာ ၀န်ထမ်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၆-ခုနှစ်တွင် အစိုးရအလုပ်မှ နှုတ်ထွက်ပြီး ကျောက်အရောင်းအ၀ယ်လုပ်ငန်းကို လုပ်ကိုင်ခဲ့ပါသည်။

၁၉၈၈-ခုနှစ်တွင် တစ်နိုင်ငံလုံး၌ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရာတွင် မိုးကုတ်မြို့နယ်၌ ခေါင်းဆောင်တစ်ဦးအဖြစ် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါသည်။ စစ်တပ်မှ အာဏာသိမ်းပြီးကာစ (၁၉.၈.၀၈) မှ (၂၄.၈.၀၈)အထိ မိုးကုတ်အကျဉ်းထောင်တွင် အခြားနိုင်ငံရေးလှုပ်ရှားသူများနှင့်အတူ ထိန်းသိမ်းခံခဲ့ရပါသည်။ မိုးကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်ပြီးနောက် မြို့နယ်စည်းရုံးရေးမှူးအဖြစ် တက်ကြွစွာ ပါဝင်ခဲ့ပါသည်။ ထို့နောက် မြို့နယ်စည်းရုံးရေးကော်မတီတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။

၁၉၉၀-ရွေးကောက်ပွဲတွင် မိုးကုတ်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ NLD ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။ ထိုစဉ်က မဲလာရောက်ပေးသူပေါင်း (၂၄၅၉၆) ရှိသည့်အနက် ထောက်ခံမဲ (၁၆၅၂၇)မဲ၊ ရာခိုင်နှုန်းအားဖြင့် (၇၂.၂၆)ဖြင့် အနိုင်ရရှိခဲ့သည်။ ၁၉၉၀ ဇူလိုင်လတွင် မန္တလေးသူ ဒေါ်နှင်းနှင်းဝေနှင့် လက်ထပ်ခဲ့ပါသည်။ ၁၉၉၀ စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း စင်ပြိုင်အစိုးရဖွဲ့စည်းရေးနှင့် ပတ်သက်၍ မန္တလေးမြို့၌ လှို့ဝှက်ကျင်းပခဲ့သော အစည်းအဝေးတွင် ဦးဆောင်ပါဝင်ခဲ့သည်။ ထို့နောက် အဖမ်းခံရမည့်အန္တရာယ်ကို တိမ်းရှောင်ရင်း ထိုင်းနယ်စပ်သို့ ထွက်ခွာသွားခဲ့သည်။ ထို့နောက် အမေရိကန်တွင် အခြေစိုက်သော ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း ဦးဆောင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) တွင် ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျှက် ရှိပါသည်။

NLD မိုးကုတ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ NLD ပါတီသည် ယနေ့အချိန်ထိ တရားဝင်ပါတီအဖြစ် ရပ်တည်လှုပ်ရှားနေဆဲ ဖြစ်သည်။ ၂၀၀၃-ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအရေးအခင်းပြီးနောက် အစိုးရမှနေ၍ နိုင်ငံတ၀ှမ်းရှိ NLD မြို့နယ်နှင့် တိုင်းရုံး အားလုံးကို ဖွင့်လှစ်ခွင့်မပြုတော့ပဲ ချိတ်ပိတ်ထားခဲ့ရာ ရန်ကုန်မြို့ရှိ ဗဟိုဌာနချုပ်ရုံး တစ်ခုတည်းကိုသာ ဖွင့်လှစ်ခွင့်ပြုခဲ့ပါသည်။ ထို့ကြောင့် မိုးကုတ်မြို့နယ် NLD ပါတီရုံးသည်လည်း ချိတ်ပိတ်ခံရပြီး ရုံးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။ မိုးကုတ်မြို့နယ် NLD ပါတီရုံးကို ရှမ်းစုရပ်ရှိ ဦးအောင်ကျော် နေအိမ်တွင် ၁၉၈၈-ခု အောက်တိုဘာလမှစ၍ ချိတ်ပိတ်ခံရသည့်အချိန်အထိ ဖွင့်လှစ်ခဲ့ပါသည်။

လက်ရှိအနေဖြင့် မိုးကုတ်မြို့နယ် NLD ပါတီ စည်းရုံးရေးကော်မတီတွင် ဥက္ကဌအဖြစ် ဦးလှဦး(ဈေးဟောင်း)၊ ဒုဥက္ကဌ-၁ ဦးကျော်ညွန့်(မြို့လယ်)၊ ဒုဥက္ကဌ-၂ ဦးဦးကို(ကျပ်ပြင်မြို့မ)၊ အတွင်းရေးမှူး ဦးတိုးတိုး(အောင်ချမ်းသာ)၊ တွဲဖက်အတွင်းရေးမှူး ဦးဘစိမ်း(ကျပ်ပြင်တောင်ပေါ်ကုန်း)၊ လူငယ်တာဝန်ခံ ကိုမင်းသူ(ရေပူ) တို့မှ ဆက်လက်တာဝန်ယူကာ ပါတီလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။
K.T

Read More...